Thursday, 19 July 2012
အလိုတော်နှင့်ယုံကြည်ခြင်း
ဒီနေ့မှာတော့ ကျနော်တို့ရဲ့ပရိသတ်တွေ ဆင်ခြင်ခွန်အား ယူစရာ
နှုတ်ကပတ်တော်တစ်ပုဒ်ကို တင်ပြပေးလိုက်ရပါတယ်။ ပထမဆုံး ဟေဗြဲ ၁၁း ၁
ကိုကြည့်ကြရအောင်ဗျာ။
ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။
မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်း အကြောင်းဖြစ်၏။
ဒီကျမ်းချက်ကိုကြည့်တဲ့အခါ ယုံကြည်ခြင်းဆိုတဲ့အရာက မိမိမျှော်လင့်တဲ့အရာကို
အခုလက်ငင်းကို မိမိရှေ့မှောက်မှာ ထင်ထင်ရှားရှား ရှိနေသလိုမျိုး
ခံယူခြင်းဖြစ်သလို မမြင်ရသေးတဲ့အရာကို စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်နဲ့
အသိတရားထဲမှာ မှတ်မှတ်သားသားနဲ့ စွဲလန်းနေခြင်းမျိုးဖြစ်ပါတယ်။ ဟုတ်ပြီ။
အဲဒီတော့ကာ ဒီကနေ့ ကျနော်တို့တွေရဲ့ ယုံကြည်ခြင်းကို နှုတ်ကပတ်တော်ဆိုတဲ့
ပေတံနဲ့တိုင်းတာကြည့်ရအောင်။ ကျနော်တို့တွေ ဆုတောင်းတဲ့အခါ ကျနော်တို့ရဲ့
ယုံကြည်ခြင်းကို ပုံသေနည်း (Formula) တစ်ခု ထုတ်ကြည့်ရင် ဘယ်လို
ပုံသေနည်းမျိုးဖြစ်မယ်လို့ မိတ်ဆွေထင်ပါသလဲ။ အဲဒီပုံသေနည်းနဲ့
ဘုရားသခင်အလိုတော်နဲ့ညီတဲ့ ယုံကြည်ခြင်းရဲ့ ပုံသေနည်း(Formula)
ဘာတွေကွာခြားမယ်ဆိုတာ အဖြေရှာကြည့်ရအောင်ဗျာ။
ကျနော်တို့ရဲ့ ယုံကြည်ခြင်း
ဆုတောင်း အဖြေရ
ယုံကြည်ခြင်းဖြစ်ပေါ်လာ
အလိုတော်နှင့်ညီသော ယုံကြည်ခြင်း
ယုံကြည်ခြင်း အဖြေရ
ဆုတောင်း
လူ့သဘာဝရဲ့ ယုံကြည်ခြင်းက ကိုယ်ဆုတောင်းတဲ့အခါ အဖြေရလာမှ
ယုံကြည်ခြင်းဖြစ်ပေါ်လာတာပါ။ ဘုရားသဘာဝရဲ့ ယုံကြည်ခြင်းကတော့
ယုံကြည်ခြင်းအားဖြင့် မိမိလိုအပ်တဲ့အရာကို အဖြေရပြီးသားဆိုတဲ့ ခံယူချက်နဲ့
အားမလျှော့ဘဲ ဆုတောင်းခြင်းဖြစ်ပါတယ်။
ဒီအကြောင်းအရာကို ဓမ္မရာဇ၀င်တတိယစောင် ၁၈း ၄၁- ၄၆ မှာ
တွေ့ရမှာဖြစ်ပါတယ်။ ဒီကျမ်းချက်ကို ကြည့်တဲ့ အခါပုရောဖက် ဧလိယက
အာဟပ်မင်းကို များစွာသောမိုး ရွာမည့်အသံရှိပါတယ် လို့ ပြောပြီး
အစာကိုသုံးဆောင်ဖို့ အမြန်တက်သွားခိုင်းပါတယ်။ သေသေချာချာစဉ်းစားကြည့်နော်။
ခေတ်မီနည်းစနစ်တွေနဲ့ တိုင်းတာတွက်ချက်တဲ့ မိုးလေ၀သ
ခန့်မှန်းချက်တွေမှာတောင်မှ ဒီလောက် တိကျပြတ်သားတဲ့
ခန့်မှန်းချက်မျိုးမဟုတ်ဘဲ ရွာရန်ရာနှုန်း ဘယ်လောက်ရှိပါတယ် လို့ပဲ
ကျနော်တို့ ကြုံဖူးပါတယ်။ ယုံကြည်ခြင်းဆိုတာ အနှောင့်လွတ်၊ အသွားလွတ်
အခြေအနေမျိုးမဟုတ်ပါဘူး။ အာဟပ်မင်းကြီးခင်ဗျာ … ကျနော်မျိုးတော့
မိုးရွာနိုင်ခြေရှိတဲ့ အသံကို ကြားမိသလိုလိုပဲ …. ဆိုတဲ့ မတင်မကျ
စကားမျိုးကို ပုရောဖက်ဧလိယရဲ့ နှုတ်က လုံးဝမပြောခဲ့ပါဘူး။ များစွာသောမိုး
ရွာမည့်အသံရှိသည်လို့ ပစ္စုပ္ပန်ကို တည့်တည့်ရည်ရွယ်ပြီး ပိုင်စိုးပိုင်နင်း
ပြောတာဖြစ်ပါတယ်။
သင်ခန်းစာ(၁) ယုံကြည်ခြင်းဆိုတာ တောင်စဉ်ရေမရ
စကားတွေပြောနေခြင်းမျိုးမဟုတ်ပါဘူး။ ထိထိမိမိနဲ့ လက်ရှိအခြေအနေကို
ဆန့်ကျင်ဘက်ပြုပြီး ပြောဆိုခံယူခြင်း ဖြစ်ပါတယ်။
ကျနော်တို့နားလည်ရမယ့်အချက်တစ်ချက်က ယုံကြည်ခြင်းကို
ထုတ်ဖော်ဝန်ခံတဲ့နေရာမှာ မိမိအနားမှာရှိနေတဲ့ လူပုဂ္ဂိုလ်ရဲ့
အရှိန်အ၀ါကြောင့် တွန့်ဆုတ်သွားခြင်းမျိုးမရှိဖို့ အရေးကြီးပါတယ်။
ပုရောဖက်ဧလိယအခုလိုစကားမျိုးကို ပြောလိုက်တာပါချည်ပါချဲ့တစ်ယောက်ကို
ပြောတာမဟုတ်ဘူး။
စေတလုံးပိုင်ရှင်ဖြစ်တဲ့ ဘုရင်ကိုပြောတာနော်။ အာဟပ်မင်းကို ဒီစကားပြောတဲ့
အချိန်မှာ ဧလိယဟာ များစွာသောမိုးရဲ့အသံကို သူ့နားနဲ့ဆတ်ဆတ်ကြားနေရလို့
ကြားရတဲ့အတိုင်း ပြောတာ ဖြစ်ပါတယ်။
သင်ခန်းစာ(၂) ကိုယ့်ဘေးမှာရှိနေတဲ့ ဆင် လောက်ကြီးတဲ့သူတွေကြောင့်
ခင်ဗျားရဲ့ ယုံကြည်ခြင်းကို ၀န်ခံရာမှာ ခြင် လောက်ဖြစ်မသွားပါစေနဲ့။
အဲဒီလို အာဟပ်မင်းကိုပြောပြီးတဲ့နောက်မှ ဧလိယဟာကရမေလတောင်ပေါ်တက်ပြီး မြေမှာ
ပြားပြားဝပ်ပြီး မျက်နှာကို ဒူးကြားမှာ ထားပြီး ဆုတောင်းပါတော့တယ်။
ဒီနေရာမှာ ကျနော်တို့တွေ သတိပြုရမယ့် အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့
ဧလိယဟာ အခုလိုဆုတောင်းခင်ကတည်းက သူ့ရဲ့ယုံကြည်ခြင်းအားဖြင့်
စိတ်နှလုံးထဲမှာ မိုးရွာမည့်အဖြေကို ရပြီးသားဖြစ်သလို
မိုးရွာမည့်အသံကိုလည်း နားနဲ့ဆတ်ဆတ်ကြားပြီးသား ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။
တကယ်တော့ ဘုရားသခင်ရဲ့ အလိုတော်နှင့်ညီသော ယုံကြည်ခြင်းဟာ
မတောင်းလျှောက်မီကတည်းက ရပြီးပြီ ဆိုတဲ့ စိတ်ချမှုမျိုးနဲ့
ပြည့်စုံနေခြင်းဖြစ်ပါတယ်။ ယုံကြည်ခြင်းကို နှုတ်ကနေဖွင့်ပြောလိုက်ခြင်းဟာ
လူတွေရှေ့မှာ ၀န်ခံခြင်းဖြစ်ပြီး ယုံကြည်ခြင်းပါလျက် ဆုတောင်းခြင်းဟာ
ဘုရားသခင်ကို ၀န်ခံခြင်းဖြစ်ပါတယ်။ တချို့သော ယုံကြည်သူတွေက
ယုံကြည်ခြင်းအားဖြင့် ယေရှုနာမ၌သိမ်းပိုက်တယ်ဆိုပြီး တွေ့လေရာကို
လက်ညှိုးထိုးပြီး အရူးချီးပန်း လျှောက်ပြောနေကြ တာကို
ကျနော်တွေ့ဖူးမြင်ဖူးပါတယ်။ တချို့ကျတော့လည်း ဒူးအမာရွတ်တက်အောင်
ဆုတောင်းပြီး တောင်းတာက ကိုယ့်အပိုင်း ပေးတာမပေးတာ ဘုရားအပိုင်းလို့
ခံယူထားတဲ့သူတွေလည်း တွေ့ဖူးပါတယ်။ အဲဒီလိုလူတွေဟာ တကယ်တော့
မျက်နှာစာတစ်ဘက်ပဲပါတဲ ဒင်္ဂါးပြားတွေလိုပါပဲ။ ဟုတ်မလိုလိုနဲ့ အလုပ်မဖြစ်တဲ့
ယုံကြည်ခြင်းမျိုးဖြစ်ပါတယ်။
သင်ခန်းစာ(၃) ယုံကြည်ခြင်းရှိသောသူသည် မိမိ၏ယုံကြည်ခြင်းကို
ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ရှေ့၌ ၀န်ခံသမှုပြုသည်။
ပရောဖက်ဧလိယဟာ အဲဒီလိုဆုတောင်းနေရင်းက သူ့ရဲ့ကျွန်ကို ပင်လယ်ဘက်ကို
ကြည့်ခိုင်းတဲ့အခါမှာ ဘာမှမရှိဘူးဆိုတဲ့ အဖြေကြောင့် ခုနှစ်ကြိမ်တိုင်အောင်
ပြန်ကြည့်ခိုင်းပါတယ်။ ယုံကြည်ခြင်းရှိတယ်ဆိုတာ အနှုတ်လက္ခဏာ၊ အဖျက်သဘော
တွေနဲ့ ကင်းဝေးစွာ အသက်ရှင်ရတဲ့အခြေအနေမျိုးမဟုတ်ပါဘူး။ အဲဒီလို
အနှုတ်လက္ခဏာတွေ၊ အဖျက်သဘောစကားတွေ ကြားမှာ မိမိယုံကြည်ထားတဲ့အတိုင်း
မဆုတ်မနစ် မြဲမြံခြင်းစွာ အသက်ရှင်ခြင်းဖြစ်ပါတယ်။ ဧလိယဟာ ဘာမှမတွေ့ဘူး
ဆိုတဲ့ သူ့ကျွန်ရဲ့(၆)ကြိမ်တိုင်တိုင် စကားကြောင့် စိတ်မလျှော့၊
အားမပျက်ပါဘူး။ အဲဒါကြောင့်လည်း ယုံကြည်ခြင်းဆိုတာ သိမှတ်စွဲလမ်းခြင်း
ဖြစ်တယ်လို့ ကျမ်းစာကပြောခြင်း ဖြစ်ပါတယ်။ ကျနော်တို့တွေရော
ဘယ်နှကြိမ်တိုင်အောင် ကိုယ့်ရဲ့ ယုံကြည်ခြင်းကို အထိပါးခံနိုင်မှာလဲ။
အနှုတ်လက္ခဏာစကားတွေကြားမှာ ဘယ်လောက်များ ခိုင်ခံ့နိုင်မှာလဲ။ ကျနော်တို့
ယုံကြည်ရာအပေါ်မှာ မလျှော့သောဇွဲလုံ့လနဲ့ အသက်ရှင်ကြဖို့ လိုအပ်ပါတယ်။
ယုံကြည်ခြင်းဆိုတာ နေရာတိုင်းမှာ ဥုံဖွ ဆိုပြီး
ဖြစ်ပေါ်လာတဲ့အခြေအနေမျိုးမဟုတ်ပါဘူး။
သင်ခန်းစာ(၄) ယုံကြည်ခြင်းဆိုတာ အားသာရာဘက်ကို
ရေလိုက်ငါးလိုက်လုပ်ခြင်းမျိုးမဟုတ်ဘဲ ဇွဲနဘဲနဲ့ အတွန်းအတိုက် ခံပြီး
ကိုယ်ယုံကြည်ရာအပေါ်မှာ အဖြေမရမချင်း မြဲမြံစွာရပ်တည်တဲ့ သတ္တိဖြစ်ပါတယ်။
ဧလိယရဲ့ကျွန်ဟာ ပင်လယ်ကို ခုနှစ်ကြိမ်မြောက်ကြည့်တဲ့အခါမှတော့
လူလက်နဲ့တူတဲ့ မိုးတိမ်ငယ်တစ်ခုဟာ ပင်လယ်ထဲက တက်လာတာကို တွေ့တယ်လို့
သတင်းပို့လာပါတော့တယ်။ မိုးတိမ်တိုက်ကြီး၊ တိမ်စိုင်ကြီးမဟုတ်ဘူးနော်။
လူလက်နဲ့တူတဲ့ မိုတိမ်ငယ်တဲ့ …. ။ အဲဒီစကားကိုကြားတဲ့အခါ ပရောဖက်ဧလိယဟာ
အာဟပ်မင်းဆီသွားပြီး မိုးရွာတဲ့အခါ ခရီးလမ်းမှာ ခက်ခဲမှာမို့
အမြန်ဆုံးပြန်ပါတော့လို့ လျှောက်ပါတယ်။ မိုးတိမ်ငယ်လို့ သိထားတဲ့ ဧလိယဟာ
အာဟပ်မင်းကို မိုးဖွဲဖွဲရွာမယ်၊ မိုးရွာတော့မယ်လို့ တထစ်လျှော့ပြီး စကားကို
ဖော့မပြောပါဘူး။ ခရီးလမ်းမှာ အနှောက်အယှက်ဖြစ်လောက်အောင်ကို
မိုးရွာမယ်လို့ ပြောပါတယ်။
သင်ခန်းစာ(၅) ယုံကြည်ခြင်းဆိုတာ အခုတစ်မျိုး၊ တော်ကြာတစ်မျိုးမဟုတ်ပါဘူး။
မိမိယုံကြည်ရာကို အစကနေ အဆုံး စွဲကိုင်အသက်ရှင်ခြင်းဖြစ်ပါတယ်။
ခရီးအသွားအလာပျက်လောက်အောင် ရွာမည့်မိုးက လူလက်နဲ့တူတဲ့ မိုးတိမ်ငယ်ဆီကနေ
ဖြစ်လာမယ်လို့ ဧလိယက ယုံကြည်ထားပါတယ်။ ကျနော်တို့ရဲ့ အသက်တာမှာရော
ခင်ဗျားရဲ့မိုးတိမ်ငယ်က ဘာလဲ။ စီးပွားရေးလား၊ ကျန်းမာရေးလား၊
အရင်းအနှီးလား၊ ပညာရေးလား။ အဲဒီမိုးတိမ်ငယ်လေးကနေပဲ ဘုရားသခင်ရဲ့
နိမိတ်လက္ခဏာမိုးက ကြီးကြီးကျယ်ကျယ် ရွာသွန်းပါလိမ့်မယ်။
သင်ခန်းစာ(၆) ယုံကြည်ခြင်းဆိုတာ အခြေအနေနဲ့ အပေးအယူလုပ်ပြီး
အလျှော့အတင်းမရှိပါဘူး။ အသေးငယ်ဆုံးသော အခြေအနေကနေ အကြီးမားဆုံးသောအဖြေကို
ထုတ်ယူဖို့ဖြစ်ပါတယ်။
အာဟပ်မင်းလည်း ရထားကိုစီးပြီးထွက်သွားတဲ့နောက်မှာတော့
မိုးသက်မုန်တိုင်းကျပြီး မိုးကသည်းသည်းမည်းမည်းကို ရွာပါတော့တယ်။ တကယ်တော့
မိုးက အခုမှရွာတာဆိုပေမယ့် ပရောဖက်ဧလိယရဲ့ ယုံကြည်ခြင်းက အစောကြီးကတည်းက
သူ့နားထဲမှာ အခုလို မိုးကြီးလေကြီးသံကို ကြားပြီးသားဖြစ်သလို
သူ့နှလုံးသားကလည်း ခံယူပြီးသားဖြစ်ပါတယ်။ ကျနော်တို့တွေရဲ့အသက်တာမှာလည်း
ဘယ်အရာတွေအတွက် အဖြေရချင်နေကြပါသလဲ။ ယုံကြည်ခြင်းအားဖြင့်
အခုအဖြေရပြီဆိုတဲ့ ခံယူချက်မျိုးနဲ့ ဘုရားရှေ့၊ လူ့ရှေ့မှာ
ဝန်ခံလိုက်စမ်းပါ။ မိတ်ဆွေဘ၀မှာ လိုချင်တောင့်တသမျှအရာတိုင်း
အကောင်အထည်ပေါ်လာပါလိမ့်မယ်လို့ အားပေးရင်း ဒီနှုတ်ကပတ်တော်ကို
နိဂုံးချုပ်အပ်ပါတယ်။ ဘုရားသခင်ကောင်းကြီးပေးပါစေ။
ချစ်ခြင်းအားဖြင့်
သမ္မာအလင်း
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
1 comments:
ခွန်အားရသည၊်(အရူးခီ်ျိးပန်း) စကားလုံးကိုမသုံးသင့်
Post a Comment
ဖတ်ပြီးရင်အကြံပေးခဲ့ပါနော်....