အာဗြဟံလက်ထက်ထိုပြည်၌ ဖြစ်ဖူးသောအစာခေါင်းပါးခြင်းမှတပါး၊ နောက်တစ်ဖန်အစာခေါင်းပါးခြင်းရှိပြန်သည်ဖြစ်၍ ဧဇက်သည် ဖိလိတ္တိမင်းကြီးနေရာအဘိမလက်နေရာဂေရာမြို့သို့သွားလေ၏။ ထာဝရဘုရားသည် သူ့အားထင်ရှား၍ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့်။ ငါပြောလတံ့သောပြည်၌ တည်နေလော့။ ယခုဤပြည်၌တည်းခို၍နေလော့။ သင့်ဖက်မှာ ငါနေ၍ကောင်းချီးပေးမည်။ အကြောင်းမူကား သင်နှင့်သင်၏အမျိုးအနွယ်အား ဤပြည်၌ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသောစကားရှိသည့်အတိုင်း ငါပြုမည်။ (ကမ္ဘာဦးကျမ်း ၁၆း၁-၃)
ဤသူလင်မယားကို ပြစ်မှားသောသူသည်
ဆက်ဆက်အသေခံရမည်ဟု မိမိလူအပေါင်းတို့ကို မှာထားသတည်း။ (က ၂၆း၁၁)
ထိုပြည်၌ဧဇက်သည်မျိုးစေ့ကြဲ၍
တစ်နှစ်ခြင်းတွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည်လည်း
ကောင်းချီးပေးတော်မူသဖြင့် သူသည်ကြီးပွား၍ အလွန်စည်းစိမ်ကြီးသည်တိုင်အောင် တိုးတက်လျက်၊
စီးပွားဥစ္စာများပြားစွာဖြစ်လေ၏။ (က ၂၆း၁၂-၁၃)
ထိုအရပ်မှနေရာပြောင်း၍ ရေတွင်းကိုတူးကြ၏။
ထိုရေတွင်းကို အဘယ်သူမျှမလုယက်သောကြောင့်
ငါတို့နေစရာအခွင့်ကို ယခုထာဝရဘုရားပေးတော်မူပြီဖြစ်၍၊ ဤပြည်၌ငါတို့သည်
စီးပွားများကြလိမ့်မည်ဟုဆိုလျက် ထိုရေတွင်းကို ရဟောဘုတ်အမည်ဖြင့်မှည့်သတည်း။ (က
၂၆း၂၂)
ထိုသူတို့က ထာဝရဘုရားသည်သင့်ဖက်၌
ရှိတော်မူကြောင်းကို ငါတို့အမှန်သိမြင်သည်ဖြစ်၍
ငါတို့သည်သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပြု၍ ငြိမ်ဝပ်စွာလွှတ်လိုက်သည်နည်းတူ
သင်သည်ငါတို့ကိုအပြစ်မပြုရဟု ငါတို့တဘက်၊ သင့်တဘက်၊ နှစ်ဘက်သားတို့သည်
သစ္စာဂတိထား၍ မိဿဟာယဖွဲ့ကြစို့။ သင်သည်ထာဝရဘုရားကောင်းချီးပေးတော်မူသော
သူဖြစ်ပါ၏ဟု ဆိုကြသော် ဧဇက်သည်သူတို့အဖို့ စားသောက်ပွဲကိုလုပ်၍
အတူစားသောက်ကြ၏။ (က ၂၆း၂၈-၃၀)
ဘုရားသခင်ရဲ့အသံတော်ကိုကြားပြီး
လိုက်လျှောက်ခြင်းအားဖြင့်သာ ကျွန်တော်တို့ရဲ့ဘဝတွေအတွက် အကောင်းဆုံးသောအာမခံချက်နဲ့အသက်ရှင်ခြင်းအစစ်အမှန်ဖြစ်ပါတယ်။ နှုတ်ကပတ်တော်ထဲမှာ ဖော်ပြထားတဲ့
ဧဇက်အသက်တာအားဖြင့် ခွန်အားယူကြပါစို့။
(က) ဘုရားစကားနားထောင်ခြင်း
ဧဇက်နေထိုင်ရာဒေသမှာ
အစာခေါင်းပါးခြင်းဖြစ်လာပါတယ်။ သူ့အဖေအာဗြဟံလက်ထက်မှာဖြစ်ခဲ့တဲ့
အစာခေါင်းပါးခြင်းနောက်ပိုင်းနောက်တစ်ကြိမ်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
ဖခင်အာဗြဟံလက်ထက်တုန်းက အစာခေါင်းပါးခြင်းဖြစ်တဲ့အခါ
အဲဂုတ္တုပြည်ကို ထွက်ပြေးခဲ့ကြတယ်။ (က ၁၂း၁၀) ဧဇက်လည်း
အစာခေါင်းပါးခြင်းကို ရှောင်ရှားဖို့
သူ့ဖခင်အာဗြဟံလိုပဲ ပြေးရပါတယ်။ ပြေးရင်းနဲ့လမ်းခုလပ် ဂေရာမြို့ရောက်တော့
ခရီးတစ်ထောက်နားကြတယ်။ အဲဒီနေရာမှာ ဘုရားသခင်ဟာ သူ့ဆီမှာ ထင်ရှားပြီး
သူနဲ့စကားပြောပါတယ်။ အဲဒီနေရာမှာပဲနေပြီး
ဘုရားသခင်ရဲ့ကတိတော်အတိုင်း စောင့်နေဖို့ဘုရားသခင်က စကားပြောပါတယ်။
သူ့အတွက်တော့
ဆုံးဖြတ်ရခက်တဲ့အခြေအနေဖြစ်ပါတယ်။ အဲဒီဂေရာမြို့မှာဆက်နေရင် အစာခေါင်းပါးခြင်းရဲ့ဒဏ်ကို
မကြာခင်သူတို့လည်းခံစားကြရတော့မှာဖြစ်တယ်။ အဲဂုတ္တုပြည်ကိုထွက်ပြေးမယ်ဆိုရင်တော့
အစားအစာတွေပေါများတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာ ဘုရားသခင်က
အဲဒီဂေရာမြို့မှာဆက်နေဖို့ပြောပါတယ်။ သူဘယ်လိုဆုံးဖြတ်မလဲ၊
ဘုရားသခင်ရဲ့စကားကိုနားထောင်မလား၊ ဒါမှမဟုတ်အကောင်းဆုံးလို့ထင်ထားတဲ့အတိုင်း
ဆက်သွားမလား။ အခြေအနေကို ကြည့်ရင် ထွက်ပြေးဖို့က ပိုကောင်းပေမယ့်လည်း
ဘုရားသခင်ရဲ့စကားတော်ကိုသာ နားထောင်ဖို့သူဆုံးဖြတ်ခဲ့တယ်။
(ခ) ဘုရားသခင်ရဲ့ကွယ်ကာခြင်း
ဘုရားသခင်ရဲ့စကားကိုနားထောင်ပြီးနောက်ပိုင်းမှာ
သူ့အသက်တာကို ဘုရားသခင်ကိုယ်တော်တိုင် အကာအကွယ်ပေးခဲ့တယ်။ ဧဇက်ဟာသူ့မယားရေဗက္ကကို
သူ့ညီမအဖြစ် လိမ်ညာပြီး ဂေရာမြို့မှာခိုလှုံခွင့်တောင်းခဲ့တာဖြစ်တယ်။
သူ့မယားမှန်းသိရင် သူ့အသက်ကိုရန်ရှာပြီးသူ့မယားကိုလုယူသွားမှာကြောက်လို့ဖြစ်တယ်။
ဒီလုပ်ရပ်ဟာ သူ့အတွက်စစ်မှန်တဲ့ကွယ်ကာမှုတော့မဟုတ်ခဲ့ပါဘူး။ သူ့ကို ကာကွယ်ပေးဖို့ဘုရားသခင်ဆီလည်း
သူဆုမတောင်းခဲ့ပါဘူး။ တစ်နေ့သူတို့လင်မယားကစားနေကြတာကို
အဘိမလက်မင်းကမြင်သွားပြီးနောက်ပိုင်းဧဇက်နဲ့ရေဗက္ကဟာလင်မယားဖြစ်တယ်ဆိုတာကို
သူသိသွားတယ်။ အဲဒီအချိန်ကစပြီး သူတို့လင်မယားကိုလုံးဝမထိကြဖို့
အနှောင့်အယှက်မပေးကြဖို့ အဘိမလက်မင်းက အမိန့်ထုတ်ခဲ့ပါတယ်။ နှောင့်ယှက်တဲ့သူ သေဒဏ် ဖြစ်တယ်။
ဧဇက်အနေနဲ့ ဘုရားဆီကနေ ကွယ်ကာမှုကိုမတောင်းလျှောက်ခဲ့ပေမယ့်လည်း
သူ့ရဲ့စကားနားထောင်ခြင်းအကျိုးအဖြစ်
ဘုရားသခင်ရဲ့အလုံခြုံဆုံးသောအကွယ်အကာသူရရှိခဲ့တယ်။
(ဂ) အဆတစ်ရာကောင်းချီး
အစာခေါင်းပါးနေတဲ့အချိန်မှာ
မျိုးစေ့ကြဲဖို့အတွက် ဘုရာသခင်ကဧဇက်ကိုပြောပါတယ်။
ဦးနှောက်နဲ့စဉ်းစားမယ်ဆိုရင်မဖြစ်နိုင်ပါဘူး။ စိုက်ပျိုးလို့မရလို့
အစာခေါင်းပါးတာ၊ အစာမရှိလို့ ထွက်ပြေးနေရတဲ့အချိန်မှာ
ဘယ်လိုစိုက်ပျိုးနိုင်ပါ့မလဲနော်။ ဒီလိုအချိန်မှာ မျိုးစေ့ကြဲတဲ့အလုပ်ဟာ
သိပ်မိုက်မဲရာကျနေပါလိမ့်မယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့စကားကိုနားထောင်ပြီး ဧဇက်ဟာ
မျိုးစေ့ကြဲလိုက်တဲ့အခါမှာလူ့သမိုင်းမှာမရှိဖူးတဲ့
အဆတစ်ရာသောအသီးအနှံကို ပြန်ရိတ်ရပါတယ်။ သဘာဝတရားကတော့
အဆသုံးဆယ်၊ လေးဆယ်ဆိုတာ မိုင်ကုန်ဖြစ်ပေမယ့် ဘုရားသခင်လုပ်လာရင်
အဆတစ်ရာဆိုတာ မပြောပလောက်တဲ့အမှုအရာတစ်ခုသာဖြစ်ပါတယ်။
စိုက်ပျိုးမှုတွေဖြစ်ထွန်းလာရုံသာမကဘဲ
လုပ်ဆောင်သမျှအောင်မြင်လာတဲ့အတွက် စီးပွားဥစ္စာအလွန်တိုးပွားခြင်းရှိလာပါတယ်။
ပတ်ဝန်းကျင်ကသူ့ကိုမနာလိုဖြစ်လာပါတယ်။ ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကို
သူကကွက်ပြီးခံရတာဖြစ်တယ်။ သူ့ရဲ့ကြွယ်ဝမှုကြောင့် အဘိမလက်မင်းကိုယ်တိုင်သူ့ကိုငြိုညင်လာပါတယ်။
သူ့ကိုမြို့ထဲကနှင်ထုတ်လိုက်တဲ့အတွက်ကြောင့် ဧဇက်ဟာမြို့ပြင်ဂေရာချိုင့်ထဲမှာ
တဲကြီးထိုးပြီး နေရရှာပါတယ်။ အဲဒီအချိန်ထိ ဘုရားသခင်ဟာသူ့ဖက်မှာ
ရှိနေဆဲဖြစ်ပါတယ်။ လုပ်ဆောင်လေရာရာမှာ ဘုရားသခင်အတူပါရှိရုံသာမကဘဲ
ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကိုလည်း အထူးခံစားရခဲ့တယ်။ ဖခင်အာဗြဟံလက်ထက်က
တူးထားတဲ့ရေတွင်းတွေကို မနာလိုတဲ့ဖိလိတ္တိလူတွေကလာဖို့သွားကြတယ်။ သူထပ်တူးတယ်၊
ထပ်ထွက်တယ်၊ ထပ်ပြီးလာဖို့ကြတယ်။ အဲဒီဒေသဟာ ရေအလွယ်တကူထွက်တဲ့ဒေသမဟုတ်ပါဘူး။
ဧဇက်တူးတဲ့ရေတွင်းတိုင်း ရေထွက်နေတော့ နောက်ဆုံးမှာ ဖိလိတ္တိလူတွေလက်လျှော့လိုက်ရတဲ့အထိဖြစ်သွားပါတယ်။
မနာလိုတိုက်ခိုက်မှုတွေ ဘယ်လောက်ပဲရှိနေပါစေ၊ ဒီတိုက်ခိုက်မှုတွေဟာ
ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကောင်းချီးမင်္ဂလာကို မရပ်တန့်သွားစေနိုင်ပါဘူး။
ဘုရားစကားအတိုင်း လက်တွေ့လိုက်လျှောက်ဖို့သာဖြစ်ပါတယ်။
(ဃ) ပြောင်းပြန်ကောင်းချီး
ဧဇက်အနေနဲ့
အစာခေါင်းပါးခြင်းကိုရှောင်ဖို့အတွက်ဂေရာမြို့ကိုစတင်ရောက်ရှိတဲ့အချိန်မှာ
အဘိမလက်မင်းထံ ခိုလှုံခွင့်တောင်းခဲ့ရပါတယ်။မျက်နှာငယ်အောက်ကျို့ရတဲ့သဘောပါ။
ဒါပေမယ့်အဲဒီအခြေအနေကနေ ပြောင်းပြန်အခြေအနေကို
ဘုရားသခင်ပြောင်းလဲပေးလိုက်ပါတယ်။ အရင်တုန်းက သူမော့ကြည့်ပြီးအသနားခံခဲ့ရတဲ့သူတွေဟာ
သူ့မျက်နှာကိုပြန်မော်ကြည့်ပြီး မိတ်ဆွေဖွဲ့ရတဲ့အခြေအနေအဖြစ်
ဘုရားသခင်က ပြောင်းပြန်လှန်ပေးလိုက်ပါတယ်။ အဘိမလက်ဟာ စစ်ဗိုလ်ချုပ်၊
အခြားသောခေါင်းဆောင်တွေနဲ့ ဧဇက်ရှိရာဂေရာချိုင့်မှာ
လာတွေ့ရပါတယ်။လာရင်းအကြောင်းကတော့ သူတို့တွေဟာ ဧဇက်ရဲ့ကြွယ်ဝမှုနဲ့အင်အားအပြင်
ဧဇက်ဖက်မှာ ဘုရားသခင်အတူပါရှိတယ်ဆိုတာကို နားလည်လာကြတဲ့အတွက်
မဟာမိတ်ဖွဲ့ဖို့ရောက်လာကြတာဖြစ်တယ်။
ဧဇက်ရဲ့အခြေအနေဟာ ပြောင်းပြန်အနေအထားကို ပြန်ပြောင်းသွားခဲ့ပါတယ်။
တစ်ချိန်ကသူတို့ဆီကအကူအညီတောင်းခဲ့ရပေမယ့် ဒီအချိန်မှာတော့ သူတို့တွေရဲ့အသိအမှတ်ပြုမှု၊
အားကိုးမှု၊ ထောက်ပံ့မှုတွေအပြင် သူ့ဖက်မှာ
ဘုရားသခင်ကိုယ်တော်တိုင်အတူပါရှိတယ်ဆိုတာကို
သူတို့တွေနားလည်သွားကြတဲ့အတွက်ကြောင့် အခြေအနေအရပ်ရပ်ဟာ
ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းနဲ့အတူ အောက်အရပ်ကနေ
အထက်အရပ်ကိုပြောင်းလဲသွားခဲ့ပါတယ်။
အချုပ်အားဖြင့် ဧဇက်ရဲ့အသက်တာမှာ
အခြေအနေကိုမကြည့်ဘဲ ဘုရားစကားကိုယုံကြည်ခြင်းနဲ့နားထောင်ပြီး
လက်တွေ့လိုက်လျှောက်တဲ့အတွက် အခြေအနေအားလုံးမှာဘုရားသခင်ရဲ့အထူးမျက်နှာသာပေးခြင်းကို
အထူးတလည်ခံစားခဲ့ရတာဖြစ်ပါတယ်။ ကောင်းစားတဲ့အသက်တာမျိုးရချင်ရင်ဘုရားသခင်ရဲ့စကားသံကို
ဦးစွာနားထောင်ဖို့လိုအပ်ပါတယ်။ တစ်ခါတရံ
ဘုရားသခင်ရဲ့စကားနားထောင်လိုက်လျှောက်ခြင်းဟာ
သက်တောင့်သက်သာဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နားထောင်ဖို့သာရွေးချယ်ပြီး
လက်တွေ့အသက်ရှင်မယ်ဆိုရင် ဘုရားသခင်ကလည်း
သူ့အပိုင်းကို သူတာဝန်ယူသွားမှာဖြစ်ပါတယ်။
ယနေ့ကျွန်တော်တို့ကိုးကွယ်တဲ့
ဘုရားသခင်ဟာ မဖြစ်နိုင်တဲ့အရာကို
မဖြစ်နိုင်တဲ့အချိန်နဲ့အခြေအနေမှာ ဖြစ်စေနိုင်တဲ့ဘုရားသခင်ဖြစ်ပါတယ်။
အခြေအနေကိုမကြည့်ဘဲ
ဘုရားသခင်ရဲ့စကားနားထောင်ခြင်းအားဖြင့် လက်တွေ့အသက်တာလျှောက်လှမ်းနိုင်ကြပါစေ.။
ချစ်ခြင်းအားဖြင့်
ဆရာအောင်မင်းထွန်း (ပြီးပြီး)
မှတ်ချက်။ ၇၊ ၁၀၊ ၂၀၁၂ တနင်္ဂနွေနေ့တရားဟောချက်မှ ပြန်လည်ကောက်နှုတ်ဖော်ပြသည်။






0 comments:
Post a Comment
ဖတ်ပြီးရင်အကြံပေးခဲ့ပါနော်....